ဧရာဝတီတိုင်းဒေသကြီးထဲက ခွင့်ပြုပြီးသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ခြုံငုံလေ့လာခြင်း

/ /

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ၂၀၁၆ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ သတ်မှတ်လိုက်တဲ့ အခွန်သက်သာခွင့်ရမယ့် ဇုန်သုံးဇုန်ထဲမှာ ၃နှစ်ဆက်တိုက် အခွန်သက်သာခွင့်ရတဲ့ ဖွံ့ဖြိုးသောဒေသ(ဇုန်-၃)အဖြစ် သတ်မှတ်ထားတဲ့ မြို့နယ်တစ်ခုမှမရှိပါဘူး။

မြို့နယ်(၂၆)မြို့နယ်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ရနှစ်ဆက်တိုက် အခွန်သက်သာခွင့်ရမယ့် ဖွံ့ဖြိုးမှုနည်းသောဒေသ(ဇုန်-၁)နဲ့ ၅နှစ်ဆက်တိုက် အခွန်သက်သာခွင့်ရမယ့် အလယ်အလတ်ဖွံ့ဖြိုးသောဒေသ(ဇုန်-၂)တို့သာ ပါဝင်ပါတယ်။

ရနှစ်ဆက်တိုက် အခွန်သက်သာခွင့်အများဆုံးရမယ့် ဇုန်၁ထဲမှာပါတဲ့  မြို့နယ်(၁၀)မြို့နယ်က သာပေါင်း၊ ငပုတော၊ ပုသိမ်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဘိုကလေးတို့ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ပုသိမ်မြို့နယ်ပါဝင်ပေမယ့် ကမ်းခြေဒေသတွေဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့နယ်ခွဲတွေကသာ ဖွံ့ဖြိုးမှုနည်းသော ဒေသထဲကိုပါဝင်တာပါ။

ပုသိမ်မြို့နယ်ထဲက ကျန်တဲ့ဒေသတွေကတော့ ၅နှစ်ဆက်တိုက်အခွန်သက်သာခွင့်ရမယ့် အလယ်အလတ်ဖွံ့ဖြိုးသောဒေသတွေထဲမှာ ပါဝင်သွားပြီး ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ဟသာင်္တ၊ ဇလွန်၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဖျာပုံ၊ ကျိုက်လတ် နှင့် ဒေးဒရဲတို့လည်းပါဝင်ပါတယ်။

အခွန်သက်သာခွင့်ပေးထားတဲ့ဒေသတွေမှာ ရင်းနှီးမြုပ်နှံတဲ့သူတွေက ၂၀၁၆ခုနှစ်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ အခန်း(၁၈) ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များမှာ ပါဝင်တဲ့အတိုင်း ခွင့်ပြုပေးမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေအရ ဧရာဝတီတိုင်းဒေသကြီးမှာ အခွန်သက်သာခွင့်ရသော ဇုန်များ

Ref;မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ JICA, Myanmar Survey Research

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေမှာပါဝင်တဲ့အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်

investment and freedom
Ref;၂၀၁၆ခုနှစ်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီက ခွင့်ပြုထားတဲ့အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီကနေ အတည်ပြုမိန့်ထုတ်ပေးနိုင်တဲ့ ဒေါ်လာငါးသန်းအောက်နဲ့ မြန်မာငွေသန်းခြောက်ထောင်အောက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းပေါင်း ၂ဝကို ၂၀၁၆ခုနှစ် ဧပြီလ ၁ရက်နေ့ ကနေ ၂၀၁၈ခုနှစ် နှစ်ကုန်တဲ့အထိ ထုတ်ပေးထားပါတယ်။

အဲဒီလုပ်ငန်းပေါင်း၂ဝထဲမှာ နိုင်ငံသားနဲ့နိုင်ငံခြားသား ဖက်စပ်လုပ်ငန်း၃ခုနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၂ခု ပါဝင်ပြီး ကျန်တဲ့၁၅ခုက မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုတွေပါ။ အဲဒီအထဲမှာ အိမ်ရာဆောက်လုပ်ရေးကဏ္ဍဖြစ်တဲ့ လုပ်ငန်းအမျိုးအစားက၆ခုနဲ့ အများဆုံးဖြစ်နေပြီး နိုင်ငံခြားသားနဲ့နိုင်ငံသားဖက်စပ်လုပ်ငန်းတစ်ခုစီသာ ပါဝင်နေတာပါ။

စက်မှုကဏ္ဍလုပ်ငန်းတွေကတော့ ဒုတိယအများဆုံးအနေနဲ့ ၅ခုပါဝင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အထည်ချုပ်လုပ်ငန်း(CMP စနစ်ဖြင့်) (၂)ခုပါဝင်ပါတယ်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ တိုင်းဒေသကြီးဖြစ်ပေမယ့် မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍအတွက် ဂဏန်းပျော့ မွေးမြူတဲ့လုပ်ငန်းတစ်ခုသာပါဝင်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက်ကတော့ ငှက်ပျောသီးစိုက်ပျိုးတဲ့လုပ်ငန်းတစ်ခုသာ ပါဝင်တာပါ။

အခွန်သက်သာခွင့်ပေးထားတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ကြည့်ရင် အခွန်သက်သာခွင့် (၇)နှစ်ဆက်တိုက်ရရှိမယ့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု (၈)ခုနှင့် ၅နှစ်ဆက်တိုက် အခွန်သက်သာခွင့်ရရှိမယ့် အလယ်အလတ် ဖွံ့ဖြိုးသောဒေသတွေမှာတော့ ရင်းနှီးမြှုပ်နှံမှု(၁၂)ခု ဝင်ရောက်တာကို တွေ့ရပါတယ်။ အဲဒီ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၀)ကို အနှစ်ချုပ်လိုက်ရင်တော့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၁၂.၂၅၀၄)သန်းနဲ့ မြန်မာငွေကျပ်သန်းပေါင်း(၄၉၇၆၇.၅၁၆)သန်းရှိပြီး လုပ်သားပေါင်း(၃၁၂၇)ဦးကို အလုပ်အကိုင်ဖန်တီးပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က အချက်အလက်တွေမှာ ဖော်ပြထားတာပါ။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီက ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၂၀)ရဲ့ အချက်အလက်များ

data of 20 business in AYA
Ref;မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊JICA,Myanmar Survey Research

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုထားတဲ့အခြေအနေ

လျှောက်ထားလာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီက ခွင့်ပြုပေးနေသလို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကို သွားရောက်လျှောက်ထားတာကြောင့် ခွင့်ပြုပေးထားတဲ့လုပ်ငန်းတွေလည်း ဧရာဝတီတိုင်းဒေသကြီးမှာရှိပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးတဲ့လုပ်ငန်းအများစုကတော့ ဒေါ်လာငါးသန်းနဲ့ မြန်မာငွေသန်းခြောက်ထောင်အထက် ရင်းနှီးမြုပ်နှံမှုပမာဏများတဲ့ လုပ်ငန်းတွေက အများစုပါဝင်နေတာပါ။

အဲဒီလိုခွင့်ပြုပေးထားတဲ့လုပ်ငန်းပေါင်းက ၁၂ခုရှိနေပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းက ၃ခုပါဝင်ပါတယ်။

နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၃ခုက သစ်စိုက်ပျိုးထုတ်လုပ်ရောင်းချတာတစ်ခု၊ အထည်ချုပ်လုပ်ငန်း(CMPစနစ်)တစ်ခုနှင့် မအူပင်မြို့နယ်မှာ စက်မှုပန်းခြံဆောက်လုပ်ခြင်း၊ လုပ်ကိုင်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းတစ်ခုတို့ပါဝင်တာပါ။

နိုင်ငံသားရင်းနှီးမြုပ်နှံမှုတွေထဲမှာတော့ ကမ်းလွန်ထောက်ပံပို့ဆောင်ရေးစခန်းတွေကို မြောင်းမြမြို့နယ်မှာတစ်ခု၊ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသမှာနှစ်ခုနှင့် ရင်းနှီးမြုပ်နှံမှုပမာဏများပြားတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ငွေဆောင်ကမ်းခြေဒေသမှာ မြန်မာငွေကျပ်သန်းပေါင်း ၆၆၄၃၅.၆၆သန်း ရင်းနှီးမြုပ်နှံမယ့် ပုဇွန်မွေးမြူရောင်းချတဲ့လုပ်ငန်းတွေပါသလို ငွေကျပ်သန်းပေါင်း ၆၀၇ဝ ရင်းနှီးမြုပ်နှံမယ့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကတော့ ရုပ်ရှင်ရုံဆောက်လုပ်တဲ့လုပ်ငန်း(၃)ခုနဲ့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းတစ်ခုကို ခွင့်ပြုထားတာတွေ့ရမှာပါ။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုထားတဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၂၀)ကို အနှစ်ချုပ်လိုက်ရင်တော့ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၅၉.၇၃၈)သန်းနဲ့ မြန်မာငွေကျပ်သန်းပေါင်း(၁၉၈၈၄၁.၂၁၅)သန်းရှိပြီး လုပ်သားပေါင်း(၃၄၇၆)ဦးကို အလုပ်အကိုင်ဖန်တီးပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က အချက်အလက်တွေမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကခွင့်ပြုထားတဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁၂)ခုရဲ့အချက်အလက်များ

Ref;မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊JICA,Myanmar Survey Research

အခွန်သက်သာခွင့်ရဒေသတွေနဲ့ ဝင်ရောက်လာတဲ့ရင်းနှီးမြုပ်နှံမှုတွေကို ဆက်စပ်ကြည့်မယ်ဆိုရင်

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းနှစ်ဆယ်ထဲမှာ (၈)ခုက ဖွံ့ဖြိုးမှုနည်းသောဒေသဇုန်(၁)မှာဖြစ်ပြီး ၁၂ခုက အလယ်အလတ်ဖွံ့ဖြိုးသော ဒေသဇုန်(၂)မှာပါ။

အခွန်သက်သာခွင့် (၇)နှစ်ဆက်တိုက်ရရှိမယ့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ရင်းနှီးမြုပ်နှံမှု (၈)ခုကတော့ ပုသိမ်မြို့နယ်ထဲက ကမ်းခြေဒေသတွေဖြစ်တဲ့ ငွေဆောင်နဲ့ချောင်းသာကမ်းခြေမှာ အများဆုံးဝင်ရောက်တာဖြစ်ပြီး လပွတ္တာမြို့နယ်မှာတော့ တစ်ခုသာ ဝင်ရောက်ပါတယ်။

ကျန်တဲ့(၁၂)ခုကတော့ အခွန်သက်သာခွင့် (၅)နှစ်ဆက်တိုက်ရရှိမယ့် အလယ်အလတ်ဖွံ့ဖြိုးတဲ့ဒေသတွေဖြစ်ပြီး ပုသိမ်၊ ကန်ကြီးထောင့်၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ မြောင်းမြ၊ ဒေးဒရဲစတဲ့ မြို့နယ်တွေမှာ ဝင်ရောက်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ လုပ်ငန်း၁၂ခုထဲမှာတော့ အခွန်သက်သာခွင့်(၇)နှစ်ဆက်တိုက်ရရှိမယ့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ခြောက်ခုရှိပါတယ်။

ငပုတောမြို့နယ် ငရုတ်ကောင်းကမ်းခြေဒေသမှာနှစ်ခုနဲ့ ငွေဆောင်ကမ်းခြေဒေသမှာနှစ်ခုပါဝင်ပြီး သာပေါင်းမြို့နယ်နဲ့ ဘိုကလေးမြို့နယ်တို့မှာ တစ်ခုစီပါဝင်နေတာပါ။ ကျန်တဲ့ခြောက်ခုကတော့ အခွန်သက်သာခွင့် (၅)နှစ်ဆက်တိုက်ရရှိမယ့် အလယ်အလတ်ဖွံ့ဖြိုးတဲ့ဒေသတွေဖြစ်ပြီး ပုသိမ်၊ ဟသာင်္တ၊ မအူပင်၊ မြောင်းမြနှင့် ဖျာပုံတို့မှာဝင်ရောက်နေတာပါ။

အဲဒီလို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကကော ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီကပါ ရင်းနှီးမြှပ်နှံမှုဝင်ရောက်တဲ့အခြေအနေအရ အခွန်သက်သာခွင့် (၇)နှစ်ဆက်တိုက် ရရှိမယ့် ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ မော်လမြိုင်ကျွန်းတို့မှာ ရင်းနှီးမြုပ်နှံမှုဝင်ရောက်မှုမရှိသေးပါဘူး။

အခွန်သက်သာခွင့် (၅)နှစ်ဆက်တိုက်ရရှိမယ့် အလယ်အလတ်ဖွံ့ဖြိုးတဲ့ဒေသတွေထဲမှာတော့ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ဇလွန်၊ ဓနုဖြူ၊ အိမ်မဲ၊ ဝါးခယ်မ၊ ကျိုတ်လတ်မြို့နယ်တို့မှာလည်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်မှုမရှိသေးတာကို တွေ့ရမှာပါ။

Facebook Comments