Asian Development Outlook 2018

/ /
ADB's Asian Development Outlook 2018

ADB's Asian Development Outlook 2018

ADB ကနေ ဒီနှစ် ဧပြီ မှာ ထုတ်ဝေတဲ့ Asian Development Outlook 2018: How Technology Affects Jobs အစီရင်ခံစာ မှာ အာရှနဲ့ ပစိဖိတ် ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ လာမယ့်နှစ်အတွက် ခန့်မှန်းချက်တွေနဲ့ အလုပ်အကိုင်နယ်ပယ် အပေါ် နည်းပညာရဲ့ သက်ရောက်မှုတွေကို ဆန်းစစ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျီဒီပီက ပြီးခဲ့တဲ့ ၂၀၁ရ ဘဏ္ဍာနှစ် မှာ ၆.၈ ရာခိုင်နှုန်းထိ တိုးတက်လာပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမယ်ဆိုရင် ဒီနှစ်မှာ ဖွံ့ဖြိုးမှုနှုန်း ကို ဆက်လက်ထိန်းထားနိုင်မှာဖြစ်ပြီး နောက်နှစ်မှာ ဒီထက် အရှိန်ပိုကောင်းလာနိုင်ဖို့ ရှိပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကတော့ တိုးလာဦးမှာဖြစ်ပြီးတော့ လက်ရှိ ကုန်သွယ်ရေးလိုငွေပြမှုကလည်း ပိုပြီးတိုးလာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာ့စီးပွားရေး အခြေအနေ လုပ်ဆောင်ချက်တွေမှာ –

  • စီးပွားရေးတိုးတက်မှုနှုန်းက ဘဏ္ဍာနှစ် ၂၀၁၆ မှာ ၅.၉ ရာခိုင်နှုန်းကနေ ဘဏ္ဍာနှစ် ၂၀၁ရ မှာ ၆.၈ ရာခိုင်နှုန်း ကို တိုးတက်လာပြီး ခန့်မှန်းချက်တွေအရတော့ စိုက်ပျိုးရေးကဏ္ဍ နလန်ထူလာပြီး ပြည်ပပို့ကုန်နဲ့ ပြည်တွင်းစားသုံးမှုနှုန်း တိုးလာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ စက်မှုနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာလည်း တိုးတက်မှုနှုန်းက ၈ ရာခိုင်နှုန်းကျော် ရှိပါတယ်။
  • ပြီးခဲ့တဲ့နှစ်မှာစံချိန်တင် ဆန်ပို့ကုန် နဲ့ အဝတ်အထည် ဝယ်လိုအားမြင့်တက်ခဲ့မှုတွေကြောင့် ပို့ကုန်ကဏ္ဍ အရှိန်တိုးတက်လာတာ ဖြစ်ပါတယ်။
  • ဖွံ့ဖြိုးမှုနှုန်းမြင့်လာခဲ့တာတောင်မှ ငွေကြေးဖောင်းပွမှုနှုန်းဟာ အစပိုင်းမှာ လျော့ကျလာခဲ့တာကို တွေ့ရမှာပါ – စိုက်ပျိုးရေးကဏ္ဍ နလန်ထူလာပြီး စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှု အားနည်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ၂၀၁ရ ခုနစ် စက်တင်ဘာလ ဝန်းကျင်မှာ ငွေကြေးဖောင်းပွမှုနှုန်းက တစ်စတစ်စ တက်လာပါတယ်။
  • ပြည်တွင်းစားသုံးမှုနှုန်းနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေ အတွက် ကုန်ကြမ်းဝယ်လိုအားတွေ အားကောင်းလာတာနဲ့အတူ ကုန်သွယ်ရေးလိုငွေပြမှုဟာလည်း ကွာဟချက်ပိုများလာပါတယ်။ ။အရင်နှစ်က ကုန်သွယ်ရေးလိုငွေပြမှုက ဂျီဒီပီရဲ့ ၃.၉ ရာခိုင်နှုန်းရှိနေရာ ကနေ ၂၀၁ရ ဘဏ္ဍာရေးနှစ်မှာ ၅ ရာခိုင်နှုန်းထိကို ကွာဟချက်တိုးလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
  • ချေးငွေနှုန်းထားကတော့ ၂၀၁၆ ဘဏ္ဍာနှစ် မှာ ၂၅.၅ ရာခိုင်နှုန်းကနေ ၂၀၁ရ ဘဏ္ဍာနှစ် မှာ ၂၁.၂ ရာခိုင်နှုန်းကို အရှိန်လျော့ကျသွားပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရက လူမှုဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ကဏ္ဍ စတဲ့ အခြေခံအဆောက်အအုံတွေ အပေါ် ငွေသုံးစွဲမှုတွေ တိုးလာတာနဲ့အမျှ ငွေကြေးလိုငွေပြမှုကလည်း ၂၀၁ရ ခုနစ်မှာ ဂျီဒီပီရဲ့ ၃.၅ ရာခိုင်နှုန်းထိ ရှိလာပါတယ်။

လာမယ့်နှစ်တွေအတွင်း စီးပွားရေး ခန့်မှန်းချက် –

  • နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကနေ တိုးတက်မှုနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်မယ်လို့ သုံးသပ်ထားပြီး လာမယ့် ၂၀၁၉ ခုနစ် ဘဏ္ဍာနှစ်မှာ ၇.၂ ရာခိုင်နှုန်းထိ တိုးတက်လာဖို့ ခန့်မှန်းထားပါတယ်။
  • ရာသီဥတုနဲ့ ကုန်ဈေးနှုန်း အခြေအနေကောင်းမွန်နေဦးမယ်ဆိုရင်တော့ စိုက်ပျိုးရေးကဏ္ဍဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်ပြီး ဖွံ့ဖြိုးဖို့ ရှိပါတယ်။ ဒီနှစ်နဲ့ လာမယ့်နှစ်တွေမှ​ာ စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုနှုန်း အားကောင်းလာဖို့ မျှော်လင့်ရပြီး ဝန်ဆောင်မှုကဏ္ဍမှာလည်း ခရီးသွားလုပ်ငန်းနဲ့ သတင်းအချက်အလက်၊ နည်းပညာ တိုးတက်မှုတွေကြောင့် ဖွံ့ဖြိုးမှုနှုန်း တက်လာဖို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
  • တိုးတက်မှုနှုန်း မြင့်တက်လာတာ နဲ့ နိုင်ငံတကာ ရေနံဈေးနှုန်း ခန့်မှန်းထားသလို တက်လာမယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း ဒီနှစ်အတွင်းမှာ ၆.၂ ရာခိုင်နှုန်းထိ မြင့်လာမှာဖြစ်ပြီး ၂၀၁၉ မှာတော့ ၆ ရာခိုင်နှုန်းလောက် ပြန်တည်ငြိမ်သွားနိုင်ပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှုမှာလည်း ၂၀၁၈ ခုနစ်မှာ ဂျီဒီပီရဲ့ ၅.၄ ရာခိုင်နှုန်းနဲ့ ၂၀၁၉ မှာ ၅.၅ ရာခိုင်နှုန်း အသီးသီး ရှိနိုင်မှာပါ။
  • လာမယ့် ၂ နှစ်အတွင်းမှာ လူမှုစီးပွားကဏ္ဍ အပေါ် ပြည်သူ့ဘဏ္ဍာ သုံးစွဲမှု တိုးလာတာနဲ့အတူ ငွေကြေးလိုငွေပြမှုဟာလည်း ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းလောက် အထိ ဆက်လက်ရှိနေနိုင်ပါတယ်။
  • စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဖွံ့ဖြိုးရေးမိတ်ဖက်တွေ၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူတွေ နဲ့ ထိတွေ့ပြီး ပြည်တွင်း ပုဂ္ဂလိကကဏ္ဍ ရဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ ဒေသတွင်း လူမှုစီးပွား ကွာဟချက်တွေကို လျော့ချပြီး ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းကို လုပ်ဆောင်သွားနိုင်မှာ ဖြစ်မှာပါ။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းဖို့နဲ့ ကုန်သွယ်ရေး လိုငွေပြတာတွေကိုငွေကြေးထောက်ပံ့နိုင်ဖို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှုတွေ (FDI )ဟာ အရေးပါတယ်လို့ ADB ရဲ့ ဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်သားအင်အား ကို ကောင်းကောင်းအသုံးချပြီး ပို့ကုန်ဦးစားပေး ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ လုပ်အား အခြေခံ ကုန်ထုတ်လုပ်မှုတွေမှ​ာ FDI တွေ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် မြန်မာ့ စီးပွားရေး အတွက် အလားအလောကောင်းတွေ ရှိနေပါတယ်။ FDI တွေ အားကောင်းလာဖို့ဆိုရင်ကတော့ စည်းမျဉ်းစည်းကမ်းတွေ၊ တင်းကျပ်မှုတွေ ဒီထက်ပိုပြီး လျော့ချနိုင်မှ ဖြစ်မှာပါ – FDI Regulatory Restrictiveness Index အရ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အများ ကြီး တင်းကျပ်ထားတာတွေ ရှိနေပါသေးတယ်။ အစိုးရရဲ့ Sustainable Development Plan မှ​ာ ပါဝင်တဲ့ စီးပွားရေး မူဝါဒ စတင် အကောင်အထည်ဖော်နိုင်ပြီဆိုရင်တော့ ရင်းနှီးမြှပ်နှံသူတွေ ပိုပြီး စိတ်ဝင်တစား ရှိလာမယ်လို့ သုံးသပ်ထားပါတယ်။

ဖော်ပြခဲ့တာတွေကတော့ ADB ရဲ့ Asian Development Outlook 2018 အစီရင်ခံစာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်ချက်တွေကို ကောက်နှုတ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေက အလုပ်အကိုင်တွေကို တကယ်ပဲ အစားထိုး လာတော့မှာလား၊ အစာထိုးလာမယ်ဆိုရင်လည်း ဘယ်အရာတွေ အပေါ်မူတည်နေလဲ၊ ဘယ်လို လုပ်ငန်းဆောင်တာတွေကို နည်းပညာက အစားထိုးလာမလဲ စတာတွေကို ADB က ထည့်သွင်းဖော်ပြထားပါတယ်။ အာရှနဲ့ ပစိဖိတ် ဒေသအတွက် ADB ရဲ့ စီးပွားရေး ဆိုင်ရာ သုံးသပ်ချက်တွေလည်း အစီရင်ခံစာမှာ ပါဝင်နေတဲ့အတွက် အသေးစိတ်ကို ဖော်ပြထားတဲ့ link တွေကနေ သတင်းသမားတွေ လေ့လာနိုင်ဖို့အတွက် Banda Post ကနေ စုစည်းပေးလိုက်ပါတယ်။

Asian Development Outlook 2018 by ADB

https://www.adb.org/publications/asian-development-outlook-2018-how-technology-affects-jobs

ADO 2018 Highlights

https://www.adb.org/sites/default/files/publication/411666/ado2018-highlights.pdf

ADO 2018 (Full Report)

https://www.adb.org/sites/default/files/publication/411666/ado2018.pdf

Facebook Comments