ဧရာဝတီတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် တရားမဝင်သစ်ဖမ်းဆီးရရှိမှုအခြေအနေ

/ /

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေကနေ တရားမဝင်သစ်ခုတ်တာတွေကို နှစ်အလိုက်ဖမ်းဆီးမှုတွေရှိခဲ့ပေမယ့် အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာတော့ တရားမဝင်သစ်ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးသစ်တောဦးစီးဌာနကနေသိရပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်စဖြစ်တဲ့ အောက်တိုဘာလကနေ ဧပြီလအထိ ခုနှစ်လအတွင်း ဖမ်းဆီးမှုတွေမှာ သစ်တန် ၂၃၀ဝကျော်ရရှိခဲ့ပြီး မေလအတွင်းမှာ သစ်တန်၈၀ဝကျော်ဖမ်းဆီးရမိခဲ့တာကြောင့် ရှစ်လအတွင်းဖမ်းဆီးမှုကနေ သစ်တန် ၃၀ဝ၀ကျော်ဖမ်းဆီးရမိခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီးထဲမှာ ကျွန်းနှင့်ပျဉ်းကတိုးလို သစ်မာသားတွေက သစ်ထုတ်လို့ရတဲ့အရွယ်အစားတွေ ကျန်ရှိမှု နည်းပါးနေတာလည်းဖြစ်တာကြောင့် တရားမဝင်သစ်ခုတ်တဲ့သူတွေဆီက ဖမ်းမိတဲ့ သစ်တွေက သစ်အပွသားတွေဖြစ်တဲ့ တောင်သရက်၊မအူ၊ဘောင်ဆန့်လို သစ်အမျိုးအစားတွေကို အများဆုံးဖမ်းမိတာဖြစ်တယ်လို့လည်းသိရပါတယ်။
သစ်အပွသားတွေဖြစ်ပေမယ့် ကာလပေါက်ဈေး တစ်တန်ကိုလေးသိန်းနှင့်ငါးသိန်းဝန်းကျင်ခန့်ရှိတာကြောင့် ဖမ်းဆီးရမိထားတဲ့ သစ်တန် ၃၀ဝ၀ကျော်က မြန်မာကျပ်ငွေ သိန်းတစ်သောင်းကျော်ခန့်တန်ကြေးရှိနေတာပါ။
အခုဘဏ္ဍာရေးနှစ်မှာ ဖမ်းဆီးရမိမှုအကြိမ်အရေအတွက် အများဆုံးဖြစ်နေပြီး ကျန်တဲ့ဘဏ္ဍာနှစ်တွေတုန်းက ဖမ်းဆီးရရှိမှု တွေနဲ့နှိုင်းယှဉ်ရင် တစ်နှစ်လုံးစာရဲ့ သုံးဆကျော်လောက်ကို ရှစ်လအတွင်း ဖမ်းဆီးရမိလိုက်တာပါ။
အဲဒီလို အရှိန်မြှင့်ပြီး ဖမ်းဆီးနေတာကြောင့် သစ်ခိုးထုတ်တဲ့သူတွေနဲ့ သစ်တောဝန်ထမ်းတွေကြား ထိပ်တိုက်တွေဆုံတဲ့ပဋ္ဋိပက္ခတွေလည်း သာပေါင်းမြို့နယ်မှာ တစ်ကြိမ် ရေကြည်မြို့နယ်မှာ တစ်ကြိမ် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သစ်တောဝန်ထမ်းတွေတိုက်ခိုက်ခံရတာတွေလည်းဖြစ်ခဲ့ပါတယ်။
အခုဘဏ္ဍာရေးနှစ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရတာတွေက စက်လှေနဲ့ သယ်ဆောင်တာက အများဆုံးနဲ့ မော်တော်ယာဉ်နဲ့သယ်ဆောင်တာက ဒုတိယအများဆုံးဖမ်းဆီးရမိခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ သစ်တောလွှမ်းခြုံမှု က ၂၆ရာခိုင်နှုန်းပဲရှိတယ်လို့ သိရတာကြောင့် တရားမဝင်သစ်ခိုးထုတ်တာတွေကြောင့် သဘာဝရင်းမြစ်တွေနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိနေပြီး အမှန်တကယ်စီးဝင်ရမယ့် အခွန်ဘဏ္ဍာတွေလည်း ဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်နေပါတယ်။
အခု ဖော်ပြထားတဲ့အချက်အလက်တွေက ဧရာဝတီတိုင်းဒေသကြီးသစ်တောဦးစီးဌာနက ဖမ်းဆီးရမိတဲ့အချက်အလက်တွေဖြစ်ပြီး နောက်ကွယ်မှာ လွတ်မြောက်နေတဲ့ အခြေအနေတွေလည်းရှိနိုင်ပါတယ်။
အဲဒီအပြင် တရားမဝင်သစ်ဖမ်းဆီးမှုတွေကနေ တခြားသက်ရောက်မှုတွေလည်းရှိနိုင်ပါတယ် မှန်းဆချက်တွေအရ ဆောက်လုပ်ရေးလုပ်ငန်းသုံးသစ်ဈေးကွက်အခြေအနေ လွတ်မြောက်နေတဲ့ သစ်သမားတွေရဲ့ ရောင်းချမှုအခြေအနေ တွေကလည်း စိတ်ဝင်စားစရာပါ။
အဲဒီအခြေအနေတွေပေါ်မှာ သတင်းနှင့် သတင်းဆောင်းပါးတွေ ထုတ်လုပ်နိုင်ဖို့ စုစည်းတင်ပြလိုက်ရပါတယ်။

Facebook Comments