ရေကြီးမှုမှာ အထိနာခဲ့သည့် မွန်ပြည်နယ် ဆားလုပ်ငန်း အခြေအနေ

/ /

မွန်ပြည်နယ်တွင် သြဂုတ်လဆန်းပိုင်းမှာ ရွာသွန်းခဲ့သည့် မိုးကြောင့် ပြည်နယ် တဝှမ်းမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံး များစွာ ဖြစ်ပေါ်ခဲ့သည်။
ရေကြီးရေလျှံမှုများကြောင့် မွန်ပြည်နယ်မှာ အဓိက ဆားထုတ်လုပ်နေသည့် လုပ်ငန်းများမှာလည်း ထိခိုက် ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ရေကြီးမှုကြောင့် ပြည်နယ်တခုလုံးမှာ ဆားအများဆုံး ထွက်ရှိနေသည့် သံဖြူဇရပ်မြို့နယ် ငပကျေးရွာမှာ ရှိသည့် သိုလှောင် ဆားဂိုဒေါင်ရုံ ၄၇ ရုံ ပျက်စီးခဲ့ပြီး၊ ဆားပိဿချိန် ၄၈ သိန်းကျော် ပျက်စီးခဲ့ပြီး ကာလတန်းဖိုအနေဖြင့် သိန်း ၈၀ဝ၀ ကျော် ဆုံးရှုံးခဲ့ကြသည်။
ယခုလို ပျက်စီးခဲ့သည့် ပမာဏသည် ပုံမှန် သိုလှောင်ထားသော ဆား ရာခိုင်နှုန်း ထက်ဝက်ကျော် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး၊ ဈေးကွက်အတွင်း လာရောက် ရိုက်ခတ်မှုများ ရှိနေသည်။
သိုလှောင်ဆား ရာခိုင်နှုန်း ထက်ဝက်ကျော် ပျက်စီးမှုကြောင့် ပြည်နယ်အတွင်း ဆားဈေးကွက်မှာ ဆားပိဿလျှင် ကျပ် ၅၀ မှ ၁၀ဝ အထိ မြင့်တက်လျက်ရှိသည်။
ဆားလုပ်ငန်းရှင်အများစုကတော့ အခုလို သိုလှောင်ဆားဂိုဒေါင်ရုံများ ပျက်စီးမှုကြောင့် လာမည့် ဆားရာသီမှာ ရေကြီးမှု မဖြစ်ပေါ်စေရေးအတွက် ပင်လယ်ထဲအထိ ရေစီးနိုင်သည့် ချောင်းမြောင်း တူးဖော်မှုများ လုပ်ဆောင်ပေးရန် လိုလားနေကြသည်။
မွန်ပြည်နယ်သည် နှစ်စဉ် ဆားမက်ထရစ်တန်ချိန် ၃၀ဝ၀ဝ ကျော် ထွက်ရှိနေသည့် ပြည်နယ် တစ်ခု ဖြစ်ပြီး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒုတိယ အများဆုံး ထုတ်လုပ်နေသည်။
ဆားထွက်ရှိမှုအရ ပြည်နယ်တဝှမ်း ဆားတန်ချိန် ၁၀ဝ၀ဝ ကျော် စားသုံးနေပြီး၊ တန်ချိန် ၂၀ဝ၀ဝ ကျော်ကိုတော့ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ကို တင်ပို့ ရောင်းချနေသည်။
ယခုလို သိုလှောင်ဆား ပျက်စီးမှုကြောင့် ကျန်ပြည်နယ်နှင့် တိုင်းများကို တင်ပို့ ရောင်းချရန် အစီအစဉ် မရှိတော့ကြောင့် ဆားလုပ်ငန်းရှင်များက ပြောဆိုထားသည်။

Facebook Comments