ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေးလက်ဆွဲစာအုပ်

/ /

အစီရင်ခံစာခေါင်းစဉ်အတိုင်းပဲ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေး လက်ဆွဲစာအုပ်ဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် အထူးရည်ရွယ်ထုတ်ဝေထားတာဖြစ်ပြီး ရှင်းလင်းချက်များစွာနဲ့ ရေးသားထားတာမို့ စီးပွားရေးသတင်းရေးသားသူတွေအတွက်လည်း အသုံးဝင်နိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံမှာရှိတဲ့ United Nations Economic and Social Commission For Asia and Pacific(UNESCAP) မှာ အစည်းအဝေးတက်ရောက်စဉ်ရရှိခဲ့တဲ့ Handbook on Policies, Promotion and Facilitation ကို မြန်မာဘာသာနဲ့ ပြန်ဆိုထုတ်ဝေခြင်းလည်းဖြစ်ပါတယ်။
မူဝါဒချမှတ်သူတွေအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတင်ရေးကို ဦးတည်ပြီး ပြည့်စုံတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေးဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံတွေကို ဖော်ထုတ်ရေးသားထားခြင်းလည်းဖြစ်ပါတယ်။
စာအုပ်မှာ အခန်း ၈ ခန်းပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ဌာနခွဲအလိုက် သက်ဆိုင်တဲ့ အခန်းတွေများလည်းပါဝင်ပါတယ်။
အထူးသဖြင့် FDI များကို အမျိုးအစားခွဲခြားထားခြင်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းတွေဟာ သတင်းရေးသားရာ မှာ များစွာအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
အခန်း ၂ မှာတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းတွေနဲ့ စီးဆင်းမှုပမာဏတွေကို လေ့လာနိုင်ပြီး အခန်း ၃ မှာ စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုဆိုတာဘာလဲဆိုတာတွေကို အပြည့်အစုံဖတ်ရှုနိုင်ပြိး အခန် ၄ ကတော့ အခန်း ၃ ရဲ့ အဆက်ဆိုရင်လည်း မမှားပါဘူး။ လုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့အတွက် ဥပဒေလုပ်ထုံးလုပ်နည်းဝန်းကျင်တွေရှိသလားဆိုတာပါ။ အခန်း ၅ကတော့ အထူးခံစာခွင့်တွေအကြောင်းနဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ အယူအဆ ပြဌာန်းချက်တွေပဲဖြစ်ပါတယ်။
အခန်း ၆ ကတော့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီတွေရဲ့ အခန်းကဏ္ဍတွေပဲဖြစ်ပါတယ်။
အခန်း ၇ ကတော့ ရင်းနှီးမြှပ်နှံမှု မြှင့်တင်ခြင်းနဲ့ ပုံရိပ်တည်ဆောက်ခြင်းဖြစ်ပါတယ်။
အခန်း၈ ကတော့ ဒီစာအုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူအောင်ဆောင်ရွက်ပေးခြင်းဆိုတုဲ့ အပိုင်းပဲဖြစ်ပါတယ်။
အခန်းတစ်ခုချင်းစီရဲ့ နောက်မှာ သတင်းသမားတွေအတွက်လည်း မေးခွန်းဖြစ်လာနိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ရင် ဆန်းစစ်ရမယ့် မေးခွန်းတွေနဲ့ ကိ်ုးကားထားတဲ့ အရင်းအမြစ်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အနည်းဆုံးတော့ ဖတ်ကြည့်ထားသင့် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
အောက်ပါ link မှာ pdf ဖိုင်ကို ဒေါင်းလုတ်ရယူနိုင်ပါတယ်။

https://www.dica.gov.mm/sites/dica.gov.mm/files/news-files/investment_handbook_1.pdf

Facebook Comments